Monday, October 31, 2011

Full Frame Camera ၏ ကောင်းကျိုးများ...


ကျွန်တော်တို့ သုံးနေတဲ့ digital camera တွေမှာ format နှစ်မျိုးရှိပါတယ်.. (ဘေးပုံ Sensor size တွေကိုကြည့်နိုင်ပါတယ်) nikon ကင်မရာတွေမှာ DX Format .. (Canon နဲ့အခြား camera တွေမှာ APS-C format လို့ခေါ်ကြတယ်) ခေါ်တာတစ်မျိုးရယ် ... Full-Frame Format (Nikon မှာ FX - Format လို့ခေါ်တယ်...) ရယ်လို့ နှစ်မျိုးရှိပါတယ်... ပထမဆုံး DX format (တစ်ချို့က half frame camera တွေလို့လည်းခေါ်ကြတယ်) တွေအကြောင်း အရင်သိရဦးမယ်... DX format ဆိုတာ 24 mm x 16 mm ရှိတဲ့ image sensor format ပဲဖြစ်ပါတယ်... full frame Camera [FX format] ( ရဲ့ ၃ ပုံ ၂ ပုံ အချိုးရှိတဲ့ sensor ဆိုဒ်ပေါ့.) . sensor size ကွာသွားတာနဲ့ ဘာတွေအကျိုးသက်ရောက်မှုရှိလဲဆိုတော့... camera zoom မှာ အကျိုးသက်ရောက်မှုရှိပါတယ်...(ဘေးပုံမှာ FX sensor နဲ့ DX sensor ယှဉ်ရက်ပုံပါ) အောက်အပိုဒ်မှာ ဆက်ဖတ်သွားပါဦး.
ကျွန်တော်တို့ သုံးနေတဲ့ camera အများစုမှာ build-in magnification တွေပါကြတယ်... nikon ဆိုရင် half - frame camera တွေမှာ မူလရှိတဲ့ zoom ကို 1.5 ဆ မြောက်တယ်.. ဥပမာဗျာ.. 100 mm ရှိတဲ့ lens တပ်ရိုက်ပြီဆိုပါတော့ ထွက်လာတဲ့ပုံက 150 mm နဲ့ရိုက်တဲ့အတိုင်းထွက်လာမယ်.... lens ရဲ့ zoom က 100 mm ဆိုပင်မယ့် camera မှာပါတဲ့ build-in magnification ကြောင့် ထွက်တဲ့ပုံက 140 mm နဲ့ရိုက်တဲ့ပုံထွက်လာတယ်... (Canon Consumer Camera တွေ က 1.6 ဆနဲ့မြောက်ပါတယ်.. ၊ APS-H format Canon Camera တွေက 1.3 ဆနဲ့မြောက်ပါတယ်..) .. 200 mm နဲ့ဆိုရင် 300 mm ပေါ့... အဲလို zoom မှာ magnification ဖြစ်သွားတွေက tele lens တွေအသုံးများတဲ့လူပုံရိုက်တဲ့သူတွေ ... တခြား wild life ရိုက်တဲ့သူတွေအတွက်တော့ အရေးမကြီးဘူးပေါ့... ပိုပြီးတော့တောင် အနီးဆွဲပြီးမြင်နိုင်သေးတယ်လေ... ဒါပေမယ့် wide lens တွေသုံးမယ့်သူတွေ ရှုခင်းပုံတွေရိုက်မဲ့သူတွေ အတွက်ကျတော့ အဆင်မပြေတော့ဘူး... ကိုယ်လိုချင်တဲ့ wide angle ကို camera က လိုက်ပြီး အပြည့်မပေးနိုင်တော့ဘူးလေ.. 12 mm nikon lens ဆိုရင် 18 mm ပုံထွက်လာတာကိုး..
Full Frame Camera တွေကြတော့ အဲလိုမဖြစ်ဘူးလေ.. 100 mm တပ်ရိုက်ရင်လည်း 100 mm ပဲထွက်တယ် ... build in magnification မပါဘူးပေါ့... Nikon D3 တို့ Canon 5D တို့လို Camera မျိုးတွေပေါ့... full frame Camera တွေကဈေးလည်းပိုကြီးကြပါတယ်...း) ဒီပို့လေးက အသုံးတည့်မယ်ထင်ပါတယ်... (အနီရောင်တွေအားလုံးက half frame တွေအကြောင်းပါ)

Monday, October 24, 2011

တရားမ၀င်သော ဓါတ်ပုံစည်းမျဉ်းများ.

တရားမ၀င်သော ဓါတ်ပုံစည်းမျဉ်းများဆိုတော့ စဉ်းစားစရာတော့ ဖြစ်နေပြီ...း) အမှန်တကယ်ပြောချင်တာက ဓါတ်ပုံတစ်ပုံဖြစ်ဖို့ ဘယ်လိုလုပ်မှရမယ် ဘာညာ စသဖြင့် rule တွေမရှိပါဘူး .... ဘာဖြစ်လို့လဲဆိုတော့ အနုပညာတစ်ခုဖြစ်လို့ပါဘဲ... ဘယ်အနုပညာမှ ဘောင်ခတ်ထားလို့မရပါဘူး.. ကိုယ်ဖေါ်ကြူးချင်တဲ့ခံစားချက်ကို ကိုယ်ရဲ့ကိုယ်ပိုင်အနုပညာနဲ့ကိုယ်ပိုင်စိတ်ကြိုက် လုပ်ပိုင်ခွင့်ရှိလို့ပါဘဲ... သို့သော် ဓါတ်ပုံဂုရုကြီးများ သတ်မှတ်ထားတဲ့ rule တွေတော့ရှိတာပေါ့ ... အဲဒီ rule တွေအတိုင်းလိုက်ရိုက်နိုင်ရင် ပုံကောင်းတွေ ရမှာကတော့ ကျိန်းသေပဲ... ဒါကြောင့်ကျွန်တော်လက်လှမ်းမှီသလောက် ဒီ post မှာ rule တွေရေးသွားပါမယ်... တစ်ခုတော့မှတ်ထားပါ... စည်းကမ်းဆိုတာ ချိုးဖေါက်ဖို့ပဲဆိုတာပေါ့... အမြဲတမ်းကိုမဆိုလိုဘူးနော်... ချိုးဖေါက်ဖို့လိုလာတဲ့အခါ ဂရုမစိုက်နဲ့ ချိုးပစ်လိုက် အဲဒါကြောင့် တရားမ၀င်သော ဓါတ်ပုံဥပေဒများလို့ပြောတာ... (အောက်ကအချက်တွေကိုတော့ သေချာဖတ်ပါနော်...composition အတွက် အရမ်းအသုံးဝင်တယ် )

1. Rule of Third (တတိယမြောက်စည်းမျဉ်း)
နံပါတ် ၁ မှာရေးပြီး ဘာလို့ တတိယမြောက်စည်းမျဉ်းလို့ ခေါင်းစဉ်တပ်လဲဆိုတော့ သူက ဓါတ်ပုံတစ်ပုံကို သုံးပိုင်းပိုင်းပြီးမှ ထွက်လာတဲ့ စည်းမျဉ်းဖြစ်လို့ပါပဲ... :P ... အောက်ကပုံကိုကြည့်ပါ ဓါတ်ပုံမှာ အလျားသုံးကွက် အနံသုံးကွက်နဲ့ပိုင်းထားတာတွေ့ရမှာပါ.. အဲဒါ Rule of Third ပါပဲ... မိမိအဓိက ပြချင်တဲ့ အရာကို အဲဒီ မျဉ်းလေးတွေ စုံမှတ်လေးတွေမှာထားပြီး ရိုက်ရင် ပိုပေါ်လွင်ပါတယ်.. ပိုပြီးလည်း ဆွဲဆောင်မှုရှိစေပါတယ်.. အဲဒီစုံမှတ် လေးတွေကိုတော့ ကိုယ့်ဘာသာမှန်းဆယူရပါမယ်... တချို့ ကင်မရာတွေမှာတော့ viewfinder (ကြည့်ပေါက်) မှာ ပေါ်အောင်လို့ setting ချိန်လို့ရပါတယ်...

၂. အရာဝတ်ထုများကို ချိန်ညှိခြင်း
ကျွန်တော်တို့ rule of third အတိုင်း ရိုက်ပြီဆိုပါတော့ ဘေးကနေရာမှာအထက်ကပုံလို (ဘယ်ဘက်ဘေးက အဆောက်အဦပုံကို မပါဘူးလို့သဘောထားပါ) အလွတ်ကြီးတွေဖြစ်နေပြီဆိုရင်... ကျွန်တော်တို့ လုပ်သင့်တာတစ်ခုပဲရှိတယ် ကျွန်တော်တို့ပြချင်တဲ့အရာရဲ့ အရောင်းအသွေးဖြစ်စေတောက်ပမှုနဲပြီးတော့ အရွယ်အစားသေးငယ်တဲ့အရာဝတ်ထုတစ်ခုနဲ့ ညှိပေးရမှာဖြစ်ပါတယ်... ဒါမှ ဘေးဖက်ကကွက်လပ်ကြီးဟာမသွားနိုင်မှာပါ... အထက်ပုံမှာဆိုရင် out ဆိုတဲ့ ဆိုင်းဘုတ်ကို အဓိကပြချင်တာဖြစ်တဲ့အတွက် အရောင်းလည်းပိုတောက်တယ် ဘေးကပုံထက်လည်း အရွယ်အစားကြီးတယ်... ကိုယ်ပြချင်တဲ့ပုံထက်အရောင်ပိုတောက်တဲ့ဟာတွေ ... အရွယ်အစားပိုကြီးတဲ့ဟာတွေကိုတော့ ရှောင်ပါ... အဓိကပြချင်တဲ့အရာပျောက်သွားပါလိမ့်မယ်...

၃. လိုင်းများကို ဦးတည်ပါ
ကျွန်တော်တို့ မျက်စိက ပုံတစ်ပုံကိုကြည့်ရင် အဲဒီပုံမှာပါတဲ့ လိုင်းတွေကို အရင်မြင်ပါတယ်... ဒါကြောင့် ကျွန်တော်တို့ပြချင်တဲ့ အဓိက subject ကို လိုင်းတွေနဲ့ပြနိုင်ရင် ပိုထိရောက်ပါတယ်... လိုင်းတွေက အမျိုးမျိုးရှိပါတယ်.. ဒေါင့်ဖြတ်လိုင်း၊ လိုင်းကွေးတွေ၊ ဇစ်ဇက်လိုင်းတွေ စသဖြင့် အကုန်အကျုံးဝင်ပါတယ်... အောက်က ပုံတွေကိုကြည့်ပါ.
. အချိုးညီရိုက်နည်းနှင့် Pattern များ
ကျွန်တော်တို့ Pattern တွေကို ရိုက်တဲ့အခါမျိုးမှာ အကျိုးသက်ရောက်မှုအရှိဆုံးနည်းကတော့ အချိုးညီရိုက်နည်းပဲဖြစ်ပါတယ်... အချိုးညီရိုက်နည်းဖြင့် Pattern များကို ရိုက်ခြင်းအားဖြင့် balance လည်းညီပြီးသားဖြစ်သွားမှာပါ.. ထို့ပြင် Pattern များကိုလည်း ပိုမိုထင်ပေါ်စေမှာဖြစ်ပါတယ်..အောက်ကပုံတွေမှာကြည့်ရင် ပုံရဲ့တစ်ဝက်စီက အချိုးညီနေမှာဖြစ်ပါတယ်..
၅. ဦးတည်ရာ
ကျွန်တော်တို့ subject ကို ဓါတ်ပုံမရိုက်ခင်.. subject ကဘယ်ကိုဦးတည်နေမလဲဆိုတာ အရင်စဉ်းစားရပါမယ် ... မိမိရိုက်လိုက်တဲ့ ဦးတည်ရာပေါ်မှာ မူတည်ပြီး ဓါတ်ပုံရဲ့ရသဟာလည်းပြောင်းသွားမှာ ဖြစ်ပါတယ်.. အောက်ကလူပုံကိုကြည့်မယ်ဆိုရင် သူမျက်နှာမူပြီးထိုင်ကြည့် နေတဲ့ဖက်ကိုပါအောင် အပေါ်ပိုင်းအသားပေးရိုက်ထားတာတွေ့ရမှာပါ... အဲဒီတော့ ဒီဓါတ်ပုံကို ကြည့်လိုက်တာနဲ့ သူကပင်လယ်ပြင်ကိုငေးကြည့်နေတယ်ဆိုတာသိနိုင်ပါတယ်... နောက်တစ်ခုက လူတစ်ယောက်ပြေးနေတဲ့ပုံရိုက်ရင် ပြေးတဲ့လူရဲ့မျက်နှာအရှေ့ဘက်ခြမ်းကို အလွတ်ထားပေးရပါမယ်.. ဒါမှသူ ဦးတည်ရာတစ်ခုအတိုင်းပြေးတယ်ဆိုတာသိမှာပါ..

၆. နောက်ခံရွေးချယ်ခြင်း

ကျွန်တော်တို့ဓါတ်ပုံရိုက်တဲ့အခါ ကိုယ်ထင်ပေါ်ချင်တဲ့ subject ကို နောက်ခံနဲ့ကွဲထွက်နေအောင် စီမံတာကလည်း ပုံကောင်းတစ်ပုံဖြစ်လာစေပါတယ်တဲ့.. နောက်ခံကိုဝါးတာဖြစ်ဖြစ် ... နောက်ခံကို အရမ်းမရှုပ်စေတာဖြစ်ဖြစ်... အရောင်မရှိစေတာဖြစ်ဖြစ် စသည်ဖြင့်ပေါ့..
၇. အနီးအဝေး
ဓါတ်ပုံက ပုံကားချပ်ပြားလေးဖြစ်တာကြောင့် အတိမ်အနက် / အနီးအဝေး သဘောတရားပါဖို့လည်း လိုပါတယ်တဲ့... foreground, middleground & background စတာတွေပေါ်အောင် ရိုက်ခြင်းအားဖြင့် ဓါတ်ပုံအတိမ်အနက်သဘော အနီးအဝေးသဘောကို ပေါ်လွင်အောင် ရိုက်နိုင်ပါတယ်.
. အောက်ကပုံကိုကြည့်ရင် အရှေ့ဆုံးကသိုး အလယ်နားကသိုးတွေနဲ့ နောက်ဆုံးကတောင်းတန်တွေ ကြောင့် ပုံရဲ့အနီးအဝေးကို ပေါ်လွင်စေပါတယ်.. ၈. ဘောင်အတွင်းမှာဘောင်ခတ်ပါ
subject ကို ပိုပြီးပေါ်လွင်ဖို့အတွက် ဘောင်ခတ်ပြီး ပြခြင်းကလည်း အကျိုးသက်ရောက်မှုရှိပါတယ်တဲ့....

၉. ဖြတ်ထုတ်ခြင်း.
တစ်ခါတစ်ရံမှာ မလိုအပ်တဲ့ ပတ်ဝန်းကျင်အရာတွေကြောင့် မိမိပြချင်တဲ့ subject ထင်ရှားပေါ်လွင်မှုနည်းပါးသွားတတ်ပါတယ်.. ထိုမလိုအပ်တဲ့အရာတွေကို ဖြတ်ထုတ်လိုက်ခြင်းအားဖြင့် subject ကိုပိုမိုထင်ရှားစေမှာပါ..

၁၀... စမ်းသပ်ခြင်း
နောက်ဆုံးအနေနဲ့ ကျွန်တော်တို့ အမြဲ အစမ်းရိုက်ကြည့်ကြရပါမယ်.. အခုဒီဂျစ်တယ်ခေတ်မှာ အစမ်းရိုက်လို့ ပိုက်ဆံလည်းပိုမပေးရပါဘူး.. အစမ်းရိုက်ကြည့်မှ ကိုယ့်ပုံရဲ့ composition အနေအထားကို ကိုယ်ပြန်သုံးသပ်နိုင်မှာဖြစ်ပါတယ်.... ကျေးဇူးတင်ပါတယ်..
................................................း) ...............................................................

Everyone is the Photographer But....


တစ်ချို့သူတွေကပြောကြတယ် ဒီခေတ်ကြီးမှာ ဓါတ်ပုံဆရာဆိုတာ electronic ပစည်းတွေကို ကောင်းကောင်းသုံး နိုင်ရင်ဖြစ်ပြီတဲ့... ဟုတ်ပါတယ်... ကျွန်တော်မငြင်းပါဘူး... ဘာလို့လဲဆိုတော့ ဓါတ်ပုံပညာဆိုတာ နည်းပညာ (technology) နဲ့ အနုပညာ (art) ကိုပေါင်းစပ်ပြီးမှ ထွက်ပေါ်လာတာမျိုးပါ... နည်းပညာပိုင်းဆိုင်ရာ ပစည်းတွေကို ကောင်းကောင်းသုံးနိုင်ရုံနဲ့ ဓါတ်ပုံဆရာကောင်းမဖြစ်နိုင်ပါဘူး... ဒီခေတ်ကြီးမှာ ပိုက်ဆံတတ်နိုင်လို့ ကင်မရာကောင်းကောင်းဝယ်မယ် auto mode နဲ့ ရိုက်ချင်တာလေးရိုက်မယ်.. ကင်မရာကောင်းတော့ ပုံကောင်းလေးတွေထွက်မယ်... ဒါကို ငါဓါတ်ပုံဆရာကွ လို့ နံမည်တပ်လို့မရပါဘူး... ဒီခေတ်မှာ Exposure Value မှန်ကန်ဖို့ ကင်မရာပေါ်ကို ပုံချလို့ရပင်မယ့်... composition မှန်ဖို့.. cropping မှန်ဖို့ ... ဓါတ်ပုံရဲ့ အဓိကပြချင်တဲ့အရာကို ပေါ်လွင်စေဖို့ စတာတွေက ကင်မရာကောင်းတိုင်မရနိုင်ပါဘူး... ကိုယ်တိုင်လေ့ကျင့်ထားရမယ်... အနုပညာအမြင်လည်းရှိနေရပါမယ်... အခု digital photography ခေတ်မှာ လည်းမေ့ထားလို့မရတာ တစ်ခုရှိပါသေးတယ်... post processing ပါ.. ကျွန်တော်စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးတယ်.. "ဒစ်ဂျစ်တယ်ဓါတ်ပုံဆိုတာ နဂိုလှတဲ့မိန်းကလေးတစ်ယောက် လိုပဲတဲ့... နဂိုလှပြီးသားလေးကို မိတ်ကပ် လေးလိမ်းပေးလိုက် ရင် ပိုလှသွားသလိုပဲ... နဂိုလှပြီးသား ဓါတ်ပုံလေးကို Photoshop မှာ ဖြစ်စေ lightroom မှာဖြစ်စေ ကိုယ်ပေးချင်တဲ့ art တစ်ခုပိုပေါ်လွင်အောင် လုပ်ရမှာပဲ" ... Photoshop နဲ့ ပြင်တယ်ဆိုရာမှာလည်း အကုန်လုံးအတုနီးပါး ပြင်ဆင်တာတော့ မကောင်းဘူးပေါ့နော် .... အဓိကအချက်ကတော့ digital photography ကို လေ့လာချင်ရင် post processing software တွေဖြစ်တဲ့ Photoshop တို့ Lightroom တို့စတာတွေကို လည်း လက်မလွှတ်တမ်းလေ့လာရမယ်... ကိုယ်က ဈေးကြီးတဲ့ Sharpen ပိုဖြစ်တဲ့ ED Lens တွေ မ၀ယ်နိုင်ခင်မှာတော့ Photoshop ထဲက Sharpening tools တွေကို အသုံးပြုရမှာပဲ....း) နောက်နေ့တွေမှာ ကျွန်တော် photoshop tutorial တွေနဲ့ Photoshooting tutorial တွေ Post လုပ်ပေးသွားပါမယ်...

Saturday, October 22, 2011

Digital Camera များရဲ့ ပုံ Format များအကြောင်း

Digital Camera များမှာ အများသုံးတဲ့ format ၂ မျိုးရှိပါတယ်... JPEG နဲ့ RAW ဖြစ်ပါတယ်...
JPEG အကြောင်းကိုအရင်ကြည့်ရအောင်... JPEG ရဲ့ အရှည်ကောက်က Joint Photographic Expert Group ဖြစ်ပါတယ်.... JPEG format ကို တည်တွင်ခဲ့ကြတဲ့ အဖွဲ့နံမည်ပါ.. အချို့က JPG လို့လည်းပြောကြပါတယ်.. အတူတူပါပဲ... JPEG format က တနည်းအားဖြင့်ပြောရင် ပုံရဲ့ quality ကို ချုံ့တဲ့ format တစ်မျိုးပါပဲ... ပုံ quality ချုံ့လိုက်တာနဲ့အမျှ ပုံရဲ့ storage size လည်း ကျုံ့သွားမှာဖြစ်ပါတယ်... JPEG format ကိုပြောင်းလိုက်တာနဲ့ (JPEG ရဲ့အမြင့်ဆုံးquality ဆိုရင်တောင်) 10:1 လောက်တော့ quality ကျသွားမှာဖြစ်ပါတယ်... color depth (အရောင်းအသွေးပါဝင်မှု) အားဖြင့်လည်း RAW format နှင့် ယှဉ်လိုက်ရင် သိသိသာသာကြီးကို နည်းပါတယ်... ပုံရဲ့ပြတ်သားမှုကိုကြည့်လျှင်လည်း JPEG ပုံနဲ့ RAW ပုံ သိသိသာသာပဲ ကွာပြန်ပါတယ်... ဒါ့ကြောင့် Professional Photographer တွေဟာ JPEG format ကို မသုံးကြပါဘူး... (ဘယ်ဘက်က လပုံသည် JPEG format ဖြင့် ရိုက်ထားသော ပုံဖြစ်ပြီး ညာဘက်ကပုံသည် RAW format ဖြင့် ရိုက်ထားသော ပုံဖြစ်သည်။) သို့သော် JPEG format သည် အများသုံး format ဖြစ်သဖြင့် Internet တွင်ဖြစ်စေ ဓါတ်ပုံကူးယူရာတွင်ဖြစ်စေ အသုံးများသော format တစ်မျိုးသားဖြစ်သည်။
RAW အကြောင်းကတော့ ... ရှင်းရှင်းပါပဲ... သူက မိမိ Camera ရဲ့ အမြင့်ဆုံး Quality နဲ့ရိုက်ကူးခြင်းပဲဖြစ်ပါတယ်.... ပုံရဲ့ Detail အားဖြင့်လည်းကောင်း sharpen အားဖြင့် လည်းကောင်း ကောင်းမွန်ပါတယ်... ကျွန်တော် ကင်မရာကိုင်ခါကစ RAW အကြောင်းတော်တော်နဲ့မသိပါဘူး အသိတစ်ယောက်ရဲ့ကျေးဇူးကြောင့် သိခဲ့ရပါတယ်... တော်တော် အသုံးဝင်တဲ့ format ပါ... Photoshop နဲ့ Post processing လုပ်ရာမှာလည်း RAW Dialog Box ထဲတွင် Exposure value ကအစ Highlight Detail ထိ ပြန်ချိန်ယူလို့ရနိုင်ပါတယ်.... ကျွန်တော့်အနေနဲ့ ပြောရရင် RAW နဲ့သာ ရိုက်စေလိုပါတယ်... နောက် post တွေမှာလည်း RAW format ကို edit လုပ်ပုံကို ပြောပါဦးမယ်...း) (P.S : JPEG format ရဲ့ Extension က .jpeg, jpg ၊ RAW format ရဲ့ Extension က Nikon မှာဆိုရင် .NEF , Canon မှာဆိုရင် .CRW အသီးသီးဖြစ်ပါတယ်... )

Digital Image အကြောင်း

ကျွန်တော်တို့ ခုခေတ်မှာ film Camera ဆိုတာ တော်တော်ရှားကုန်ပါပြီ... ကင်မရာဆရာတိုင်း digital Camera ကို သာအသုံးပြုနေကြပါပြီ... အဲဒီတော့ Digital Camera တွေရဲ့ Digital Image ပုံဖေါ်ဖို့အကြောင်းကိုတော့ သိဖို့လိုပြီ... ပထမဆုံးက Pixel ဆိုတာဘာလဲ? ... ရှင်းရှင်းပြောရင်တော့ Pixel ဆိုတာ အရောင်ပါတဲ့လေးဒေါင့်တုံးပေါ့ :P ... ဟုတ်ပြီ အဲလေးဒေါင့်တုံးလေးကို ဘယ်လိုမြင်နိုင်မလဲ... ဘေးကပုံကိုကြည့်ပါ... ကွန်ပျူတာရဲ့ဒေါင့်လေးက ပုံကိုအကြီးချဲ့ထားတဲ့အကွက်မှာ လေးထောင့်တုံးလေးများကို မြင်နိုင်ပါတယ်... အဲဒါ Pixels တွေပေါ့... အဲဒီ Pixel လေးတွေက တစ်ကွက်မှာ အရောင်တစ်ခုစီကို ကိုယ်စားပြုတယ်.. အဲဒီအရောင်တုံး Pixel လေးတွေအများကြီးပေါင်းပြီး ပုံဖေါ်တာ digital image ပေါ့... ပုံကောင်းပုံတစ်ပုံဖြစ်ပေါ်ဖို့ဆိုရင် Pixels လေးပေါင်းသန်းချီပြီးပါတယ်..
ဟုတ်ပြီ.. နောက်တစ်ခု Resolution ဆိုတာရောဘာလဲ... Resolution ဆိုတာက Digital Image ရဲ့ quality ကိုတိုင်းတာတဲ့ စံနှုန်းတစ်ခုပါ .... Digital ဓါတ်ပုံတစ်ပုံရဲ့ အရည်အသွေးမီ resolution က 300 ပါ.. ဆိုလိုတာက တစ်လက်မပါတ်လည်မှာ အလျား pixels ပေါင်း ၃၀၀ x အနံ pixels ပေါင်း ၃၀၀ နဲ့ဖွဲ့စည်းထား တယ်လို့ပြောတာပါ... အဲဒီတော့ တစ်လက်မပတ်လည် ပုံတစ်ပုံမှာဆိုရင် ၃၀၀ ကို ၃၀၀ နဲ့မြောက်တော့ ၉၀၀၀၀ pixels တောင်ပါတာပေါ့... အဲဒီတော့ resolution 300 နဲ့ 4x6 ဓါတ်ပုံတစ်ပုံဆိုလို့ရှိရင်... [(4x300 pixels) X (6x300pixels) ] ပေါ့... နားလည်မယ်လို့ထင်ပါတယ်... (resolution ကို unit အနေနဲ့ပြောချင်ရင် ppi or dpi လို့ပြောကြသေးတယ် ).. (ဘယ်ဖက်ကပုံမှာ အရည်အသွေးမီတဲ့ resolution ရှိတဲ့ပုံဖြစ်ပြီး၊ ညာဖက်ကတော့ အရည်အသွေးမမှီတဲ့ resolution ရှိတဲ့ပုံ ဖြစ်ပါတယ်...)
နောက်တစ်ခုကတော့ Megapixel ဆိုတော့ပေါ့ အဲဒါကတော့ digital Camera ၀ယ်တဲ့အခါ အဲဒီ Camera ရဲ့ ထုတ်ပေးနိုင်တဲ့ အရည်အသွေးကို ကြည့်တဲ့ Unit တစ်မျိုးလို့ပြောရင် ရပါတယ်... 1 Megapixel = 1 million pixels လို့ဆိုကြပါတယ်... ဥပမာ - Nikon D80 ဆိုကြပါဆို့.. Nikon D80 ရဲ့ အမြင့်ဆုံးထုတ်ပေးနိုင်တဲ့ Pixel quality က (2592 width x 3872 high) ပါ.. အဲဒီတော့ width နဲ့ high ကိုမြောက်ကြည့်ရင် 10036224 pixels ဆိုတော့ ... Nikon D80 ရဲ့ Megapixels က 10 MP ပေါ့ (ဓါတ်ပုံဆိုဒ်နဲ့ဆိုရင် 8x12 ၀န်းကျင်) ...း)

ဓါတ်ပုံပညာရပ်၏သမိုင်းကြောင်းအကျဉ်း

ပထမဆုံးက Photography ဆိုတဲ့ ဓါတ်ပုံ ဝေါဟာရတစ်ခုပေါ်ပေါက်လာပုံအကြောင်းပေါ့... Photography ဆိုတဲ့စကားလုံးရဲ့ မူလဇစ်မြစ်ကတော့ Greek စကားလုံးဖြစ်ပါတယ်... Photo ဆိုတဲ့အဓါတ်ပယ်က အလင်း၊ graph ဆိုတာက ပုံဖေါ်ခြင်း (သို့) ဆွဲသားခြင်းလို့ ဆိုပါတယ်... Photography ဆိုတော့ အလင်းဖြင့်ပုံဖေါ်ခြင်းပေါ့။
Photography ဆိုတာက နည်းပညာရပ်ဆိုင်ရာအမျိုးမျိုးတွေပေါင်းဆပ်ပြီးမှ ထွက်ပေါ်လာတဲ့ ရလဒ်တစ်ခုပေါ့.... ကျွန်တော်တို့ ဓါတ်ပုံဆိုတာမပေါ်ခင် ပထမဆုံး ကင်မရာဖြစ်တဲ့ Pin Hole Camera ကိုစတင်ပုံထုတ် စဉ်းစားခဲ့တဲ့သူတွေကတော့ တရုတ်လူမျိုးအတွေးအခေါ်ပညာရှင် မော်တီ၊ ဂရိလူမျိုးအတွေးအခေါ်ပညာရှင်များဖြစ်တဲ့ အရစ်တိုတယ် နဲ့ ယူကရစ် တို့ဖြစ်ပါတယ်.. နောက်ပိုင်း ၆ ရာစုလောက်မှာတော့ အရှေ့ရောမအင်ပါရာမှ အဲသီမက်ရဲ့စမ်းသပ်ချက်တွေမှာ Camera Obscura (ဘေးပုံ) ကို အသုံးပြုတာကိုတွေ့ရပါတယ် (ဓါတ်ပုံကင်မရာမဟုတ်သေးပါ။ စမ်းသပ်ချက်များကို ပုံဖေါ်ရေးဆွဲရန် အတွက်သာ အသုံးပြုသေးသည်။) .. ၁၂၀၀ ခုနှစ်နောက်ပိုင်းမှာ တော့ အဲဗက်မက်တက် ဆိုသူက silver nitrate၊ ၁၅၀၀ ခုနှစ်ဝန်းကျင်မှာ ဂျော့ဖရာဘီစီးရပ် ဆိုသူက silver chloride (ဖလင်တွင်အသုံးပြုသည့် ဓါတုပစ်စည်းများ) တို့ကို အသီးသီးတွေ့ရှိခဲ့ကြပါတယ်.. ထို့နောက် ၁၆၉၄ မှာ ၀ီလန်ဟမ်းဘတ် ဆိုတဲ့သူ့ အဆိုပါ chemical တွေက အလင်းနဲ့ထိတွေ့ရင် အရောင်ပြောင်းတတ်ကြောင်းကို ဖေါ်ထုတ်ခဲ့ပါတယ်.. နောက်ပိုင်း ၁၇၀၀ ၀န်းကျင်လောက်မှာတော့ ဂီဖန်တိုင်းဆိုတဲ့ ပြင်သစ်ပညာရှင်က အဆိုပါတွေ့ရှိချက်တွေကို Photography (ဓါတ်ပုံပညာ) လို့ခေါင်းစဉ် တပ်ခဲ့ပါတော့တယ်.... နောက်ပိုင်းမှာတော့ ဓါတ်ပုံပညာဟာ အဆင့်ဆင့်တိုးတက်လာခဲ့ပြီ..
ဝီလီယမ်ဘွိုင်လီ နဲ့ ဂျော့အီးစမစ်တို့က ၁၉၆၉ ခုနှစ်မှာ အခုခေတ် အသုံးပြုနေတဲ့ CCD နည်းစနစ်ကိုစတင်တွေ့ရှိခဲ့ပါတယ်..
ထို့နောက် ၁၉၇၃ မှာ Fairchild Semiconducotor Inc က ပထမဆုံး image formating CCD Chip.. ၁၉၇၅ မှာ Kodak က CCD color image sensor .. ၁၉၈၆ မှာ Kodak ကပဲ megapixel Sensor တို့ကို ထုတ်လုပ်ခဲ့ပါတော့တယ်....း)